ကိုယ်ဝန်ဆောင်ချိန်မှာ စားလို့မရတဲ့ အရာတွေ ရှိလား
ကိုယ်ဝန်ဆောင်ချိန်က အမျိုးသမီး တစ်ယောက်ရဲ့ တစ်သက်တာ ကာလမှာ အရမ်းအရေးပါပြီး အတိမ်းအစောင်း မခံတဲ့ အချိန်ပါ။ ဒီလို အချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ ရှောင်ရမယ့် အစားအစာတွေရော ရှိလား? ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို သိချင်နေတယ်ဆိုရင် ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါ။
ကိုယ်ဝန်ဆောင်ချိန် ဘာတွေ မစားရဘူးလဲ?
အစားအစာက လူနဲ့ တည့်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ ဒီအစားအစာတွေ မစားပါနဲ့။
- ပြဒါးများတဲ့ ပင်လယ်စာတွေ - ပင်လယ်စာတွေက ပရိုတင်းနဲ့ အိုမီဂါ သရီး ကြွယ်ဝတာ မှန်သလို ကလေးရဲ့ ဦးနှောက်နဲ့ မျက်လုံး ဖွံ့ဖြိုးမှုကို အားဖြည့်ပေးတာ မှန်ပေမယ့် အချို့သော ပင်လယ်ငါးတွေနဲ့ အခွံမာရေသတ္တဝါတွေမှာ အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့အထိ ပြဒါးဓာတ်တွေ ပါဝင်နေပါတယ်။ ဒီလိုမျိုး ပြဒါးများတာက ကလေးရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
- ပင်လယ်စာ အစိမ်းတွေ - သေချာ ကျက်အောင် ချက်မထားတဲ့ ပင်လယ်စာတွေက ဘက်တီးရီးယားတွေ ဗိုင်းရပ်စ် ကူးစက်မှုကို ဖြစ်စေပြီး မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆူရှီ၊ ဆာရှိမိ၊ ကမာ အစိမ်းတွေကို စားတာမျိုး မလုပ်ပါနဲ့။
- အခဲရိုက်ထားတာ၊ သေချာကျက်အောင် မချက်ထားတဲ့ အစားအစာတွေ - ရေခဲရိုက်ထားတဲ့ အစားအစာတွေ၊ သေချာကျက်အောင် ချက်မထားတဲ့ အစားအစာတွေက ဘက်တီးရီးယားတွေ ကူးစက်ခံရတာမျိုး ဖြစ်စေပြီး အစာအဆိပ်သင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ သေချာ ကျက်အောင် ချက်မထားတဲ့ အသားတွေ၊ ကြက်သား၊ ဥအမျိုးမျိုး စတာတွေကိုလည်း မစားသင့်ပါဘူး။
- ပိုးသတ်မထားတဲ့ အစားအစာတွေ - ပိုးသတ်မထားတဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်မိခင်အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဝမ်းပျက်တာ၊ အစာအဆိပ်သင့်တာမျိုး ဖြစ်စေနိုင်ပါတယ်။
- သေချာဆေးကြောမထားတဲ့ အသီးအနှံတွေ - အသီးအနှံတွေမှာပါတဲ့ ပိုးသတ်ဆေးတွေကို သေချာဆေးကြောတာမျိုး မလုပ်ဘဲ စားမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အသီးအနှံတွေကို မစားခင်ဆားရည်နဲ့ သေချာလေး ဆေးကြောပြီးမှ စားပါ။
- ကဖင်း - ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းတွေ အများကြီး စားတာက သံဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်တာကြောင့် ကဖင်းများတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်စာတွေကို အများကြီး မစားပါနဲ့။
- အရက် - ကိုယ်ဝန်ဆောင်ချိန်မှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ သောက်တာက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သေစာ သောက်စားတာမျိုး မလုပ်ပါနဲ့။
မွန်မွန်